ရင်သွေးလေး မျက်နှာမြင်ရတော့မှာလား သိနိုင်မယ့် လက္ခဏာရပ်တွေက
မိခင်တော်တော်များများက ကိုယ်ဝန်စဆောင်ကတည်းက ဗိုက်ထဲက ရင်သွေးလေးက သားလေးလား သမီးလေးလား ဆိုတာကို စိတ်ကူးယဉ်နေကြသလို မွေးဖွားလာမယ့်ရက်ကို လက်ချိုးရေနေတတ်ကြတာက မိဘတွေရဲ့ မမောနိုင် မပန်းနိုင် နေ့စဉ် လုပ်နေကျ အလုပ် တစ်ခုပေါ့။ ဒီလို ရင်သွေးလေးရဲ့ မျက်နှာကို မြင်ရမယ့်ရက် နီးလာရင် ဘယ်လို လက္ခဏာတွေ ခံစားရနိုင်လဲဆိုတာကိုရော သိပြီးပြီလား? မသိသေးဘူးဆိုရင်တော့ ဒီစာလေးကို ဆုံးအောင် ဖတ်ကြည့်လိုက်နော်။
မီးဖွားမှုတိုင်းက မတူကွဲပြားမှု အသီးသီး ရှိကြပါတယ်။ ဒါကြောင့်လည်း အချို့သော အခြေအနေတွေမှာ ခန့်မှန်းရခက် ပါတယ်။ ရင်သွေးလေး မျက်နှာကို မြင်ရခါနီးလာပြီဆိုရင် မိခင်တွေမှာ အခုလို လက္ခဏာလေးတွေ ခံစားရနိုင်ပါတယ်။
ကလေးမွေးဖွားခြင်း ဆိုရာဝယ်
မီးဖွားခြင်းဆိုတာက ကလေးမွေးဖွားမှုဖြစ်စဉ် တစ်ရပ်ပါ။ သားအိမ်ကျုံ့ဆန့်မှု စဖြစ်ပြီး သားအိမ်ခေါင်းပါးလာတာမျိုးပါ။ မွေးဖွားရမယ့်ရက် နီးလာလေလေ ရုပ်ပိုင်းဆိုင်ရာမှာလည်း ပြောင်းလဲမှုတွေ ရှိလာပါတယ်။ ဘယ်လိုပြောင်းလဲမှုတွေလဲ ဆိုတာကိုတော့
သားအိမ်ကျုံ့ဆန့်မှု မကြာခဏဖြစ်လာမယ်
ကိုယ်ဝန်ဆောင်ချိန် သားအိမ်ကျုံ့ဆန့်မှုကို ခံစားရတယ်ဆိုပေမယ့် ခဏခဏ ခံစားရတာမျိုးတော့ မရှိပါဘူး။ ဒါပေမယ့် မကြာခဏဆိုသလို သားအိမ် ကျုံ့ဆန့်မှု ဖြစ်မယ်။ နာကျင်မှု ခံစားရမယ်။ ကျုံ့ဆန့်မှုက စည်းချက်မှန်မှန် ဖြစ်နေမယ် နာကျင်မှုပါ ခံစားရမယ်ဆိုရင်တော့ ရင်သွေးလေးကို မွေးခါနီးပါပြီ။
သွေးဆင်းမယ်
သွေးရောင်ပါတဲ့ အညှိအချွဲလေးတွေ ဆင်းမယ်၊ သွေးစလေးတွေ ဆင်းတာမျိုး မြင်မယ်ဆိုရင်ဖြစ်ဖြစ် ပန်းရောင် အကျိအချွဲလေးတွေ ဆင်းမယ်ဆိုရင်တော့ ကလေးမွေးဖွားမယ့်ရက် နီးနေပြီဆိုတာကို ဖော်ပြနေတာပါ။
ဗိုက်နာမယ်။ ဗိုက်အောက်ဖက်နားက နာမယ်
ရာသီလာချိန်မှာ နာကျင်သလိုမျိုး ဗိုက်အောင့်တာ၊ ဗိုက်အောက်ဖက်နားက နာကျင်တာမျိုး ခံစားရတယ်။ ဒီလို ဗိုက်အောင့်တာနဲ့အတူ ခါးနာတာမျိုး ခံစားရမယ်။ ကိုယ်အနေအထား ပြောင်းလဲလိုက်ပေမယ့် နာကျင်တာက သက်သာမသွားဘူးဆိုရင်တော့ ရင်သွေးလေး မွေးဖွားခါနီးလာလို့ပါ။
ဝမ်းသွားမယ်
ကိုယ်ဝန်ဆောင်မိခင်တွေမှာ အဖြစ်များတဲ့ အစာအိမ်အူလမ်းကြောင်း ပြဿနာက ဝမ်းချုပ်တာပါ။ တကယ်လို့ ကိုယ်ဝန်ဆောင်ကာလက ၃၈ ပတ်အထက် ဖြစ်မယ် ဝမ်းပျက်သလို ဝမ်းခဏခဏ သွားနေမယ်ဆိုရင် အစားအစာကို အရင်ဆန်းစစ်ပါ။ အစားအစာက မှားယွင်းတာမျိုး မရှိဘူး၊ ဝမ်းသွားနေမယ်ဆိုရင် ဒါက ကလေး မွေးဖွားဖို့ မိခင်ဖြစ်သူရဲ့ ခန္ဓာကိုယ်က ပြင်ဆင်နေတာမျိုး ဖြစ်နိုင်ပါတယ်။
ရေမြွှာရည်ဆင်းမယ်
ရေမြွှာရည်ပေါက်ပြီး အရည်တွေ ဆင်းလာတာက ကလေးမွေးဖွားဖို့ အတော်ကို နီးကပ်နေပြီဆိုတဲ့ လက္ခဏာပါ။ ဒီအခြေအနေမှာ မိခင်ကို နီးစပ်ရာ ဆေးရုံကို အမြန်ဆုံးပို့ဆောင်ဖို့ လိုအပ်နေပါပြီ။
ခါးနာမယ်
ဗိုက်ထဲက တဆစ်ဆစ် နာတာနဲ့အတူ ခါး၊ ပေါင်ခြံတဝိုက်မှာ နာကျင်မှု ခံစားရတယ်။ ကြွက်သားနဲ့ အဆစ်တွေက ပြေလျော့လာသလို ခံစားရမယ်ဆိုရင် ဒါက ရင်သွေးလေး မွေးဖွားခါနီးမို့ ခန္ဓာကိုယ်က အသင့်ပြင်ဆင်နေတာပါ။
ကိုယ်အလေးချိန် တိုးမလာတော့ဘူး
ကိုယ်ဝန်ဆောင်ချိန်မှာ မိခင်ရော ရင်သွေးလေးပါ ကျန်းမာဖို့ဆိုရင် ကိုယ်အလေးချိန် ပုံမှန် တိုးဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် ကိုယ်ဝန်ဆောင်ချိန်မှာ ကိုယ်အလေးချိန် ဆက်တိုက် တိုးခဲ့ပါရဲ့ ကိုယ်အလေးချိန် မတိုးတော့တာမျိုး အချို့မိခင်တွေမှာဆိုရင် ကိုယ်အလေးချိန် ၂ ပေါင်လောက်အထိ ကျလာတာမျိုး ဖြစ်ပြီဆိုရင်တော့ ရင်သွေးလေးကို မွေးဖွားတော့မှာပဲ ဖြစ်ပါတယ်။
ဒါက ကလေးမှာ ကိုယ်အလေးချိန် တိုးမလာတာ ကျသွားတာမျိုး မဟုတ်ဘဲ မွေးခါနီးတာကြောင့် ရေမြွှာရည်ပမာဏ ကျဆင်းတာသာ ဖြစ်ပါတယ်။
အခုလို လက္ခဏာတွေထဲက တစ်ခု ဒါမှမဟုတ် တစ်ခုထက်ပိုပြီး ခံစားနေရပြီဆိုရင်တော့ ရင်သွေးလေးကို မွေးဖွားတော့မှာပဲ ဖြစ်ပါတယ်။
မွန်မွန်